Sunday, July 29, 2007

တန်ဆောင်မုန်းလ ပယောဂ

ဆောင်းဦးပေါက် မြောက်ဘက်မှ ခုန်ဆော့၍လာသော လေကမြင်းသည် ထန်းလက်ကာ ကြိုကြိုကြားကြားမှ သူတို့လင်မယားစပ်ကြားကို ၀င်၍မွှေလိုက်လေသည်။ ယောက်ျားလုပ်သူမှာ တို့ကဆိတ်တို့ကနန်း ကစားလိုက်သော လေအေးကြောင့် ကွေးနေရာက သိမ့်ခနဲ ဖြစ်သွားတော့သည်။
``ဟေ့-ရှင်မ၊ ချမ်းလိုက်တာကွာ၊ ဒီဘက်လှည့်စမ်းပါဦး´´
ယောက်ျားက မိန်းမခါးကလေးကို ဆွဲလှည့်လိုက်ရာ မယားက အလိုက်သင့်စောင်း၍ လှည့်မလာဘဲ တံတောင်နှင့် ခပ်နာနာကလေး တွက်လိုက်သောကြောင့် ယောက်ျားခမျာမှာ ရင်ဝသို့ အင့်ခနဲ ဖြစ်သွားရရှာတော့သည်။
``အမယ်လေးကွာ- မင်းနှယ်၊ ရက်ရက်စက်စက်´´
``ဘယ်သူကလဲ ရက်ရက်စက်စက်- သူက တစ်ပြန်စီး…´´
မယားက ကျောခိုင်းနေရာမှ ခပ်ဆောင့်ဆောင့်လေး ပြောလိုက်သည်။


``ကျုပ်ဘယ်မှာ ရက်စက်လို့လဲ…´´
``ဘာ-ဘာ- မယားတစ်ယောက်လုံးကို လှလှပပ မဆင်ချင်တာ ရက်စက်တဲ့ ယောက်ျားမဟုတ်လို့ ဘာလဲ၊ သူများတကာ ယောက်ျားများဆိုရင် ကိုယ့်မိန်းမ မလှ-လှအောင် ဆင်ကြတာပဲ၊ ကျုပ်မှာ တော် ဘာတစ်ခုဆင်တာရှိသလဲ၊ လူတောထဲ ဒီအ၀တ်အစား ဖြူဖတ်-ဖြူရော်ကြီးနဲ့ သွားရမှာကို ကိုယ်ချင်းမစာဘူးလား၊ အလကား မညားခင်ကတော့ ကောင်းကင်က ဓူဝံကြယ်တောင် ဆွတ်ပေးပါမယ်ဆို´´
``ဟ-ဒါကငါသီချင်းဆိုရုံ ဆိုပြတာပဲ၊ `ကောင်းကင်တမွတ်ကြယ်ကို ဆွတ်လည်းမလွတ်စတမ်း ရမြဲလမ်း´ ဆိုတာမဟုတ်လား၊ ဟဲ-ဟဲ၊ တကယ်ဆိုတော့ မိုးထိအောင် လှေကားထောင်လို့မှ မရဘဲ မိန်းမရာ၊ လာပါ၊ အချမ်းပြေအောင် ငါ့ရင်ခွင်ထဲ ၀င်ပုစမ်းပါ´´
``သွား….သွား၊ လူကိုလာမထိနဲ့၊ သိပါတယ်….သိပါတယ်၊ ကျုပ်က တော်ပေါင်းလာတာ ခုနှစ်အို ရှစ်အိုကြီး ဖြစ်နေမှကိုး၊ အခုနေ အပျိုစစ်စစ်လေးတစ်ယောက်က ပူဆာစမ်းပါလား၊ ခုချက်ချင်း မရရအောင် လုပ်ပေးမှာပဲ´´
``ဟယ်- မင်းနှယ်၊ ကြံကောင်းစည်ရာကွာ၊ ကဲ-ပြောပြော၊ ငါ ဘယ်နှယ်လုပ်ပေးရမလဲ၊ အေး-တို့မှာ ငွေတစ်ပဲမှ မရှိတာကိုတော့ မင်းသိသနော်´´
``ဟုတ်ပါတယ်… ငွေရှိရကောင်းစေ ပြောတာ မဟုတ်ပါဘူး၊ အသစ်ဝယ်ဖို့ ပူဆာတာလဲ မဟုတ်ပါဘူး၊ အခု ကျွန်မ ထသွားလာသွား ရှိတဲ့လံချည်က ဖြူရော်ရော်ကြီး ဖြစ်နေတယ် မဟုတ်လား၊ အဲဒါ နီနီရဲရဲလေးဖြစ်အောင် ဆေးဆိုးလိုက်မှပေါ့၊ ဆေးဆိုးလိုက်ရင် ကျွန်မအသားကလေးနဲ့ ဘယ်လောက် ပနံရလိုက်မလဲလို့၊ တော်တောင် ကျုပ်ကို ငေးကြည့်ပြီး မျက်လုံးကြီး ကျွတ်ကျသွားဦးမယ်´´
``ဟဲ-ဟဲ- အပြောလေးကတော့ ကြွယ်သကွ၊ ငါ့မိန်းမမို့ ငါပြောတာမဟုတ်ဘူး၊ ကဲ-ကဲ ဆေးဆိုးရအောင် ဆေးဘယ်ကရမလဲ၊ ပြောပြော´´
``ရမယ့်နေရာကိုပြောရင် တော်သွားယူပေးမလား´´
``အို-ရသာ ရပါစေ…ယူပေးပါမယ်´´
``တော့်-ဘုရားစူး…´´
``အို-စူးရစေကွယ့်… ကဲ-ဘယ်မှာလဲ´´
``ဟို ဗြဟ္မဒတ်မင်းကြီးရဲ့ ဥယျာဉ်ထဲမှာ´´
``ဟာကွာ၊ ဒါတော့…´´
ချစ်လှစွာသော အဆွေစာဖတ်သူ… ဗြဟ္မဒတ်မင်းကြီး ဆိုလိုက်သောကြောင့် အံ့အားသင့်သွားပါသလား။ မသင့်ပါနှင့်၊ တကယ့်ကို ဗြဟ္မဒတ်မင်းကြီး ရှိပါသည်။ အဟုတ်ရှိပါသည်။ အချိန်ကာလက မြတ်စွာဘုရားသခင် ပွင့်တော်မမူသေးခင်က ဖြစ်၍ ဌာနကတော့ ဗာရာဏသီအစွန်အဖျား တစ်ခုသော သူဆင်းရဲလင်မယား တဲကုပ်ကလေး အတွင်းက ပန်းချီကားတစ်ချပ် ဖြစ်ပါသည်။
မင်းနေပြည်တော်ကြီးမှာ နက္ခတ်တာရာ ပြည့်စုံသော တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်သဘင် အကြီးအကျယ် ဆင်ယင်ကြပါလိမ့်မည်။ ထိုအခါ လူတိုင်းလူတိုင်း ထိုပွဲကြီးကို ပျော်တပါးဆင်နွှဲရန် အားခဲထားကြပါသည်။ မီးတွေ ရောင်စုံထွန်း၍ ပွဲလမ်း တခြိမ့်ခြိမ့် ရှိပေလိမ့်မည်။
အစားအသောက် အကျွေးအမွေး နိဗ္ဗာန်ဈေးတွေလည်း ဖွင့်ကြဦးမည်။ မိန်းကလေး၊ မိန်းမငယ်၊ မိန်မရွယ်၊ မိန်းမလတ်၊ မိန်းမအို၊ မိန်းမပျို၊ မိန်မအရုပ်ဆိုး၊ မိန်းမလှ၊ မိန်းမပိန်နှင့် မိန်းမ၀၀ အားလုံးကုန်သောမိန်းမတွေ ထိုပွဲကို အင်တိုက် အားတိုက် ချီတက်ပျော်မြူးကြပေလိမ့်မည်။ မယ်ဗာရာဏသီ ရွေးပွဲကလည်း အကြီးအကျယ်ဟု ကြော်ငြာထားသည်။
ဆင်းရဲသား၏မယား မအ၀ှာသည်လည်း ထိုပွဲကြီးကို အနေ့နေ့အရက်ရက်က အားခဲထားသူဖြစ်လေသည်။ သို့သော် လင်လိုတုန်းမှ နားပဲ့ ဆိုသကဲ့သို့ ထသွားလာသွား ၀တ်စရာ လုံချည်ပိတ်ကွင်း အဖြူတစ်ထည်တည်းသာ ရှိရှာလေသည်။ ထိုအဖြူထည်ကို ပန်းဝတ်ရည်ဖြင့် ဆိုးပါက ပန်းသွေးပန်းရောင် နွယ်သာကီအဆင်အသွေးကလေး ဖြစ်သွားနိုင်ပါသည်။ ဒါကိုမှ မ၀တ်ရလျှင် ထိုပွဲသို့မသွား၊ ထိုပွဲသို့မသွားနိုင်လျှင် တစ်နှစ်မှတစ်ခါကြုံသည့် ရတနာပုံကြီးနှင့် လွဲရတောမည်။ ထိုကြောင့်… သူ့ယောက်ျားကို မကြိုးစားကောင်းလားဟု ဒဏ်တပ်လိုက်ခြင်းဖြစ်ပေသည်။ ထိုနေ့ညကစ၍ မသေမချင်း ဒင်းဘက်ကိုမှ လှည့်မအိပ်ဟု သန္နိဋ္ဌာန်ချထားသောဇွဲကို ယောက်ျားခမျာမှာ ဆွဲလှည့်၍မရ၊ အရေးထဲ ဆောင်းဦးပေါက် လေပြေကား အချစ်မီးလောင်ရာ လေပင့်နေပြန်ပါပြီ။
ဆင်းရဲသားခမျာမှာ နေပူမရှောင်၊ မိုးရွာမရှောင် လက်ရုံးအားကိုး အလုပ်ကြမ်း အမျိုးမျိုးကို နေ့တိုင်းလုပ်ခဲ့ရသည်။ ချွေးနှင့်ရင်းပြီး ထမင်းကလေးစားဖို့ အားစိုက်ရသည်။ ထို့ကြောင့် ညကျမှ အားအားနေနေ မယားနှင့် ဖြေရရှာသည်တွင် မယာက ကိုးလိုးကန့်လန့် သပိတ်တားထားသောကြောင့် အားမလို အားမရ ဖြစ်နေရခြင်းပင်။
``ဟဲ့ မင်းဥယျာဉ်က ပန်းတေါ ၀င်ခိုးရင် ကိုယ်ကျိုးနည်းတော့မပေါ့ မိန်းမရ´´
``အမလေးတော်…. ပန်းကလေးခိုးရုံပဲဟာ၊ သူတကာမှာ မင်းဘဏ္ဍာတိုက်ထဲက ရတနာတွေတောင် လှည်းနဲ့တင်ထုတ်နေကြသေးတာ၊ တော်ယောက်ျားမဟုတ်လား… တော့်မှာ သတ္တိမရှိဘူးလား´´
``ဟဲ့ ဒီရှင်ဘုရင်က ဒေါသကြီးတဲ့ရှင်ဘုရင်ကွ၊ သာသနာ့ဒါယကာ ရှင်ဘုရင်မျိုး မဟုတ်ဘူး။ လက်နက်မျိုးစုံနဲ့ အစောင့်တွေ ချထားတာ´´
``ကဲ…. ဒါဖြင့် စကားမများနဲ့ အိပ်တော့´´
``အိပ်တော့ မအိပ်ပါရစေနဲ့ဦးကွာ´´
``ဟင့်အင်းနော်၊ ဒါပဲ ကျုပ်ဆယ်အိမ်ခေါင်းကြားအောင် တစ်အားအော်လိုက်မယ်´´
ကိုလူမွဲသည် တောက်တစ်ချက် ခေါက်လိုက်မိလေ၏။ ကွမ်းတစ်ယာညက်လောက် ငြိမ်သက်စွာ တွေးနေရာက သက်မကြီး ဟင်းခနဲ ချလိုက်ပြီးသော အခါကား….
``ကဲ… မနက်ဖြန်ကျတော့ ရစေ့မယ်´´
``ဟင့်အင်း…ဟင့်အင်း လူကိုညာမလို့ ဘာရမလဲ ဟင်း´´
``သြော်… မင်းတယ်ခက်ပါလား… ကဲ ကဲ ဒါဖြင့် တော်တော်ကြာ တရေးနိုးတော့ ငါသွားမယ်၊ မသွားခင် ဒီဘက်လှည့်စမ်းပါဦး အချမ်းကလေးပြေသွားအောင်´´
``အမယ်၊ ရှင့်အကြောင်း မသိဘူးမှတ်လို့ လိမ်တတ်တာ´´
``အဲဒါတော့ မင်းအကဲကိုင်လွန်း အားကြီးပြီ´´
``အကဲကိုင်ဆိုတာ ကိုင်သင့်တဲ့အခါ ကိုင်ရတယ်လေ၊ ဒါမှတော်တို့ ယောက်ျားတွေကို နိုင်ရတာ၊ အခုထပြီး ရှင်သွားယူခဲ့ အခုနေဆိုတော့ အစောင့်စစ်သားတွေ အိပ်ငိုက်နေကြမှာမို့ ပိုပြီးလွယ်သေးတယ်။ ပန်းပွင့်ကလေးတွေ ယူလာပြီးတော့ အိပ်ပါလေ့ တစ်ညလုံး၊ မအိပ်ခင် ကျုပ်ကနှိပ်ပေးဆိုတောင် ပေးလိုက်ဦးမယ်၊ ကဲပါ ထပါ သူ့ဖြင့် ဖင်လေးကြီးနဲ့၊ ဒါကြောင့်ဆင်းရဲတာ´´
``အင်း… မိန်းမများ တယ်လှချင်ပါလာနော်´´
ကိုဆင်းရဲသည် ဤသို့သာ ညည်းညူနိုင်ရှာတော့သည်။ ထို့နောက်တွင်ကား မယားနားက လေးလေးပင်ပင်ကြီးထ၍ တဲအပြင် အမှောင်ထုဖက်သို့ ချီတက်ရရှာလေ၏။
``ဟေ့… ဟေ့… ခြံစည်ရိုးတွယ်တက်တာ ဘယ်သူလဲကွ၊ ဟဲ့ လိုက်ဟ လိုက်ဟ´´
မင်းဥယျာဉ် အစောင့်အကျပ်တို့သည် အတွင်းသို့ ကျော်ဝင်လာသော သူဆင်းရဲအား ၀ိုင်း၍ ဖမ်းကြကုန်၏။ ဖမ်း၍မိသော် မင်းကြီးထံ တင်ပြကြလေ၏။
``ဟဲ့ ဒီတရားခံက ဘာပြစ်မှုလဲကွဲ့´´
``မှန်လှပါ ပန်းပွင့်တွေ ၀င်ခူးတဲ့ သူဆင်းရဲ ယောက်ျားပါဘုရား´´
``အံမယ် နင်က ဘာလုပ်ဖို့တုံး´´
``မှန်လှပါ ကျွန်တော်မျိုးမယားက တန်ဆောင်မုန်းလ ပွဲတော်မှာ သူ့လုံချည် ပန်းနီဆိုးပြီး ၀တ်ချင်လို့ပါတဲ့ဘုရား´´
``အံမယ် အတော်လာတဲ့ ငဆင်းရဲရဲ့ မယားပါလားဟဲ့ဟင်၊ ဟဲ့-အင်း အဲဒါ နင့်မှာငွေမရှိတဲ့အမွဲမို့ တော်သေးတာပေါ့၊ ငွေစများရှိရင် နှစ်ထပ်လုံချည်တောင် ပူဆာနေမလား၊ ဒီပန်းပွင့်တွေဟာ ငါ့မိဖုရားတွေအတွက် ဟဲ့၊ မင်းဘဏ္ဍာခိုးယူဝှက်ချင်တဲ့ သဘက်သား ကားစင်တင်၍ စီရင်စေ-ငါ့အမိန့်တော်´´
ဤနည်းဖြင့် နောက်တစ်နေ့ညနေ တောင်စွယ်နေကွယ်သောအခါ သူဆင်းရဲကို ကားစင်တင်၍ အရှင်လတ်လတ် သံရိုက်ထားလေ၏။ လက်ဖ၀ါး ခြေဖ၀ါးတို့တွင် တံကျင် တံစို့ တို့၏ဒဏ်ကြောင့် သွေးအစက်စက်ကျလေ၏။ ကျီးရဲ ငှက်ရဲ တွေကလည်း ထိုလူ၏ဦးခေါင်းထက်သို့လာ၍ နားကြပြီးလျှင် နား၊ မျက်စိတို့ကို ထိုးဆိတ်ကြကုန်လေ၏။ ထိုသူဆင်းရဲကိုမြင်သောအခါ အာဏာသားတို့က သနားဂရုဏာဖြင့် အောက်ပါအတိုင်း ပြောကြလေကုန်၏။
``ဟဲ့ ဆင်းရဲသား၊ မင်းမြင်ရတာ ဒုက္ခပါဘဲကွာ´´
ထိုအခါ ဆင်းရဲသားက ကားတိုင်ထက်က သေါးအစက်စက်ကျရင်း….
``အဲဒါတွေက ဒုက္ခမဟုတ်သေးပါဘူးဗျာ၊ တန်ဆောင်မုန်းလပွဲတော်မှာ ကျုပ်မိန်းမနဲ့ကျုပ် တစ်ယောက်ခါး တစ်ယောက်ဖက်ပြီး… လုံချည်နီကလေးနဲ့ မလည်ရတာမှ ဒုက္ခအစစ်ခင်ဗျာ့´´
ဤသောအခါ စကားစမိသော စစ်သားက…
``သေဟဲ့ နန္ဒိယ´´ ဟု သူ့နဖူးသူ ပုတ်မိလေတော့၏။
ကဲ… မောင်ရင်လေးတို့ အဲသလို တန်ဆောင်မုန်းလ ပယောဂကို ရှောင်နိုင်သမျှ ရှောင်ကြနော်။

စာရေးဆရာကြီး ဘဘဦးသုခ၏ သုခ၀တ္ထုတိုများ ထဲမှ ``တန်ဆောင်မုန်းလ ပယောဂ´´ ၀တ္ထုဖြစ်ပါသည်…..။

1 comment:

Nwai Hninn said...

လာလည်ပါတယ်.. ဦးသုခစာကို ပြန်ရှဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..