Sunday, July 29, 2007

တန်ဆောင်မုန်းလ ပယောဂ

ဆောင်းဦးပေါက် မြောက်ဘက်မှ ခုန်ဆော့၍လာသော လေကမြင်းသည် ထန်းလက်ကာ ကြိုကြိုကြားကြားမှ သူတို့လင်မယားစပ်ကြားကို ၀င်၍မွှေလိုက်လေသည်။ ယောက်ျားလုပ်သူမှာ တို့ကဆိတ်တို့ကနန်း ကစားလိုက်သော လေအေးကြောင့် ကွေးနေရာက သိမ့်ခနဲ ဖြစ်သွားတော့သည်။
``ဟေ့-ရှင်မ၊ ချမ်းလိုက်တာကွာ၊ ဒီဘက်လှည့်စမ်းပါဦး´´
ယောက်ျားက မိန်းမခါးကလေးကို ဆွဲလှည့်လိုက်ရာ မယားက အလိုက်သင့်စောင်း၍ လှည့်မလာဘဲ တံတောင်နှင့် ခပ်နာနာကလေး တွက်လိုက်သောကြောင့် ယောက်ျားခမျာမှာ ရင်ဝသို့ အင့်ခနဲ ဖြစ်သွားရရှာတော့သည်။
``အမယ်လေးကွာ- မင်းနှယ်၊ ရက်ရက်စက်စက်´´
``ဘယ်သူကလဲ ရက်ရက်စက်စက်- သူက တစ်ပြန်စီး…´´
မယားက ကျောခိုင်းနေရာမှ ခပ်ဆောင့်ဆောင့်လေး ပြောလိုက်သည်။


``ကျုပ်ဘယ်မှာ ရက်စက်လို့လဲ…´´
``ဘာ-ဘာ- မယားတစ်ယောက်လုံးကို လှလှပပ မဆင်ချင်တာ ရက်စက်တဲ့ ယောက်ျားမဟုတ်လို့ ဘာလဲ၊ သူများတကာ ယောက်ျားများဆိုရင် ကိုယ့်မိန်းမ မလှ-လှအောင် ဆင်ကြတာပဲ၊ ကျုပ်မှာ တော် ဘာတစ်ခုဆင်တာရှိသလဲ၊ လူတောထဲ ဒီအ၀တ်အစား ဖြူဖတ်-ဖြူရော်ကြီးနဲ့ သွားရမှာကို ကိုယ်ချင်းမစာဘူးလား၊ အလကား မညားခင်ကတော့ ကောင်းကင်က ဓူဝံကြယ်တောင် ဆွတ်ပေးပါမယ်ဆို´´
``ဟ-ဒါကငါသီချင်းဆိုရုံ ဆိုပြတာပဲ၊ `ကောင်းကင်တမွတ်ကြယ်ကို ဆွတ်လည်းမလွတ်စတမ်း ရမြဲလမ်း´ ဆိုတာမဟုတ်လား၊ ဟဲ-ဟဲ၊ တကယ်ဆိုတော့ မိုးထိအောင် လှေကားထောင်လို့မှ မရဘဲ မိန်းမရာ၊ လာပါ၊ အချမ်းပြေအောင် ငါ့ရင်ခွင်ထဲ ၀င်ပုစမ်းပါ´´
``သွား….သွား၊ လူကိုလာမထိနဲ့၊ သိပါတယ်….သိပါတယ်၊ ကျုပ်က တော်ပေါင်းလာတာ ခုနှစ်အို ရှစ်အိုကြီး ဖြစ်နေမှကိုး၊ အခုနေ အပျိုစစ်စစ်လေးတစ်ယောက်က ပူဆာစမ်းပါလား၊ ခုချက်ချင်း မရရအောင် လုပ်ပေးမှာပဲ´´
``ဟယ်- မင်းနှယ်၊ ကြံကောင်းစည်ရာကွာ၊ ကဲ-ပြောပြော၊ ငါ ဘယ်နှယ်လုပ်ပေးရမလဲ၊ အေး-တို့မှာ ငွေတစ်ပဲမှ မရှိတာကိုတော့ မင်းသိသနော်´´
``ဟုတ်ပါတယ်… ငွေရှိရကောင်းစေ ပြောတာ မဟုတ်ပါဘူး၊ အသစ်ဝယ်ဖို့ ပူဆာတာလဲ မဟုတ်ပါဘူး၊ အခု ကျွန်မ ထသွားလာသွား ရှိတဲ့လံချည်က ဖြူရော်ရော်ကြီး ဖြစ်နေတယ် မဟုတ်လား၊ အဲဒါ နီနီရဲရဲလေးဖြစ်အောင် ဆေးဆိုးလိုက်မှပေါ့၊ ဆေးဆိုးလိုက်ရင် ကျွန်မအသားကလေးနဲ့ ဘယ်လောက် ပနံရလိုက်မလဲလို့၊ တော်တောင် ကျုပ်ကို ငေးကြည့်ပြီး မျက်လုံးကြီး ကျွတ်ကျသွားဦးမယ်´´
``ဟဲ-ဟဲ- အပြောလေးကတော့ ကြွယ်သကွ၊ ငါ့မိန်းမမို့ ငါပြောတာမဟုတ်ဘူး၊ ကဲ-ကဲ ဆေးဆိုးရအောင် ဆေးဘယ်ကရမလဲ၊ ပြောပြော´´
``ရမယ့်နေရာကိုပြောရင် တော်သွားယူပေးမလား´´
``အို-ရသာ ရပါစေ…ယူပေးပါမယ်´´
``တော့်-ဘုရားစူး…´´
``အို-စူးရစေကွယ့်… ကဲ-ဘယ်မှာလဲ´´
``ဟို ဗြဟ္မဒတ်မင်းကြီးရဲ့ ဥယျာဉ်ထဲမှာ´´
``ဟာကွာ၊ ဒါတော့…´´
ချစ်လှစွာသော အဆွေစာဖတ်သူ… ဗြဟ္မဒတ်မင်းကြီး ဆိုလိုက်သောကြောင့် အံ့အားသင့်သွားပါသလား။ မသင့်ပါနှင့်၊ တကယ့်ကို ဗြဟ္မဒတ်မင်းကြီး ရှိပါသည်။ အဟုတ်ရှိပါသည်။ အချိန်ကာလက မြတ်စွာဘုရားသခင် ပွင့်တော်မမူသေးခင်က ဖြစ်၍ ဌာနကတော့ ဗာရာဏသီအစွန်အဖျား တစ်ခုသော သူဆင်းရဲလင်မယား တဲကုပ်ကလေး အတွင်းက ပန်းချီကားတစ်ချပ် ဖြစ်ပါသည်။
မင်းနေပြည်တော်ကြီးမှာ နက္ခတ်တာရာ ပြည့်စုံသော တန်ဆောင်မုန်းလပြည့်နေ့တွင် နက္ခတ်သဘင် အကြီးအကျယ် ဆင်ယင်ကြပါလိမ့်မည်။ ထိုအခါ လူတိုင်းလူတိုင်း ထိုပွဲကြီးကို ပျော်တပါးဆင်နွှဲရန် အားခဲထားကြပါသည်။ မီးတွေ ရောင်စုံထွန်း၍ ပွဲလမ်း တခြိမ့်ခြိမ့် ရှိပေလိမ့်မည်။
အစားအသောက် အကျွေးအမွေး နိဗ္ဗာန်ဈေးတွေလည်း ဖွင့်ကြဦးမည်။ မိန်းကလေး၊ မိန်းမငယ်၊ မိန်မရွယ်၊ မိန်းမလတ်၊ မိန်းမအို၊ မိန်းမပျို၊ မိန်မအရုပ်ဆိုး၊ မိန်းမလှ၊ မိန်းမပိန်နှင့် မိန်းမ၀၀ အားလုံးကုန်သောမိန်းမတွေ ထိုပွဲကို အင်တိုက် အားတိုက် ချီတက်ပျော်မြူးကြပေလိမ့်မည်။ မယ်ဗာရာဏသီ ရွေးပွဲကလည်း အကြီးအကျယ်ဟု ကြော်ငြာထားသည်။
ဆင်းရဲသား၏မယား မအ၀ှာသည်လည်း ထိုပွဲကြီးကို အနေ့နေ့အရက်ရက်က အားခဲထားသူဖြစ်လေသည်။ သို့သော် လင်လိုတုန်းမှ နားပဲ့ ဆိုသကဲ့သို့ ထသွားလာသွား ၀တ်စရာ လုံချည်ပိတ်ကွင်း အဖြူတစ်ထည်တည်းသာ ရှိရှာလေသည်။ ထိုအဖြူထည်ကို ပန်းဝတ်ရည်ဖြင့် ဆိုးပါက ပန်းသွေးပန်းရောင် နွယ်သာကီအဆင်အသွေးကလေး ဖြစ်သွားနိုင်ပါသည်။ ဒါကိုမှ မ၀တ်ရလျှင် ထိုပွဲသို့မသွား၊ ထိုပွဲသို့မသွားနိုင်လျှင် တစ်နှစ်မှတစ်ခါကြုံသည့် ရတနာပုံကြီးနှင့် လွဲရတောမည်။ ထိုကြောင့်… သူ့ယောက်ျားကို မကြိုးစားကောင်းလားဟု ဒဏ်တပ်လိုက်ခြင်းဖြစ်ပေသည်။ ထိုနေ့ညကစ၍ မသေမချင်း ဒင်းဘက်ကိုမှ လှည့်မအိပ်ဟု သန္နိဋ္ဌာန်ချထားသောဇွဲကို ယောက်ျားခမျာမှာ ဆွဲလှည့်၍မရ၊ အရေးထဲ ဆောင်းဦးပေါက် လေပြေကား အချစ်မီးလောင်ရာ လေပင့်နေပြန်ပါပြီ။
ဆင်းရဲသားခမျာမှာ နေပူမရှောင်၊ မိုးရွာမရှောင် လက်ရုံးအားကိုး အလုပ်ကြမ်း အမျိုးမျိုးကို နေ့တိုင်းလုပ်ခဲ့ရသည်။ ချွေးနှင့်ရင်းပြီး ထမင်းကလေးစားဖို့ အားစိုက်ရသည်။ ထို့ကြောင့် ညကျမှ အားအားနေနေ မယားနှင့် ဖြေရရှာသည်တွင် မယာက ကိုးလိုးကန့်လန့် သပိတ်တားထားသောကြောင့် အားမလို အားမရ ဖြစ်နေရခြင်းပင်။
``ဟဲ့ မင်းဥယျာဉ်က ပန်းတေါ ၀င်ခိုးရင် ကိုယ်ကျိုးနည်းတော့မပေါ့ မိန်းမရ´´
``အမလေးတော်…. ပန်းကလေးခိုးရုံပဲဟာ၊ သူတကာမှာ မင်းဘဏ္ဍာတိုက်ထဲက ရတနာတွေတောင် လှည်းနဲ့တင်ထုတ်နေကြသေးတာ၊ တော်ယောက်ျားမဟုတ်လား… တော့်မှာ သတ္တိမရှိဘူးလား´´
``ဟဲ့ ဒီရှင်ဘုရင်က ဒေါသကြီးတဲ့ရှင်ဘုရင်ကွ၊ သာသနာ့ဒါယကာ ရှင်ဘုရင်မျိုး မဟုတ်ဘူး။ လက်နက်မျိုးစုံနဲ့ အစောင့်တွေ ချထားတာ´´
``ကဲ…. ဒါဖြင့် စကားမများနဲ့ အိပ်တော့´´
``အိပ်တော့ မအိပ်ပါရစေနဲ့ဦးကွာ´´
``ဟင့်အင်းနော်၊ ဒါပဲ ကျုပ်ဆယ်အိမ်ခေါင်းကြားအောင် တစ်အားအော်လိုက်မယ်´´
ကိုလူမွဲသည် တောက်တစ်ချက် ခေါက်လိုက်မိလေ၏။ ကွမ်းတစ်ယာညက်လောက် ငြိမ်သက်စွာ တွေးနေရာက သက်မကြီး ဟင်းခနဲ ချလိုက်ပြီးသော အခါကား….
``ကဲ… မနက်ဖြန်ကျတော့ ရစေ့မယ်´´
``ဟင့်အင်း…ဟင့်အင်း လူကိုညာမလို့ ဘာရမလဲ ဟင်း´´
``သြော်… မင်းတယ်ခက်ပါလား… ကဲ ကဲ ဒါဖြင့် တော်တော်ကြာ တရေးနိုးတော့ ငါသွားမယ်၊ မသွားခင် ဒီဘက်လှည့်စမ်းပါဦး အချမ်းကလေးပြေသွားအောင်´´
``အမယ်၊ ရှင့်အကြောင်း မသိဘူးမှတ်လို့ လိမ်တတ်တာ´´
``အဲဒါတော့ မင်းအကဲကိုင်လွန်း အားကြီးပြီ´´
``အကဲကိုင်ဆိုတာ ကိုင်သင့်တဲ့အခါ ကိုင်ရတယ်လေ၊ ဒါမှတော်တို့ ယောက်ျားတွေကို နိုင်ရတာ၊ အခုထပြီး ရှင်သွားယူခဲ့ အခုနေဆိုတော့ အစောင့်စစ်သားတွေ အိပ်ငိုက်နေကြမှာမို့ ပိုပြီးလွယ်သေးတယ်။ ပန်းပွင့်ကလေးတွေ ယူလာပြီးတော့ အိပ်ပါလေ့ တစ်ညလုံး၊ မအိပ်ခင် ကျုပ်ကနှိပ်ပေးဆိုတောင် ပေးလိုက်ဦးမယ်၊ ကဲပါ ထပါ သူ့ဖြင့် ဖင်လေးကြီးနဲ့၊ ဒါကြောင့်ဆင်းရဲတာ´´
``အင်း… မိန်းမများ တယ်လှချင်ပါလာနော်´´
ကိုဆင်းရဲသည် ဤသို့သာ ညည်းညူနိုင်ရှာတော့သည်။ ထို့နောက်တွင်ကား မယားနားက လေးလေးပင်ပင်ကြီးထ၍ တဲအပြင် အမှောင်ထုဖက်သို့ ချီတက်ရရှာလေ၏။
``ဟေ့… ဟေ့… ခြံစည်ရိုးတွယ်တက်တာ ဘယ်သူလဲကွ၊ ဟဲ့ လိုက်ဟ လိုက်ဟ´´
မင်းဥယျာဉ် အစောင့်အကျပ်တို့သည် အတွင်းသို့ ကျော်ဝင်လာသော သူဆင်းရဲအား ၀ိုင်း၍ ဖမ်းကြကုန်၏။ ဖမ်း၍မိသော် မင်းကြီးထံ တင်ပြကြလေ၏။
``ဟဲ့ ဒီတရားခံက ဘာပြစ်မှုလဲကွဲ့´´
``မှန်လှပါ ပန်းပွင့်တွေ ၀င်ခူးတဲ့ သူဆင်းရဲ ယောက်ျားပါဘုရား´´
``အံမယ် နင်က ဘာလုပ်ဖို့တုံး´´
``မှန်လှပါ ကျွန်တော်မျိုးမယားက တန်ဆောင်မုန်းလ ပွဲတော်မှာ သူ့လုံချည် ပန်းနီဆိုးပြီး ၀တ်ချင်လို့ပါတဲ့ဘုရား´´
``အံမယ် အတော်လာတဲ့ ငဆင်းရဲရဲ့ မယားပါလားဟဲ့ဟင်၊ ဟဲ့-အင်း အဲဒါ နင့်မှာငွေမရှိတဲ့အမွဲမို့ တော်သေးတာပေါ့၊ ငွေစများရှိရင် နှစ်ထပ်လုံချည်တောင် ပူဆာနေမလား၊ ဒီပန်းပွင့်တွေဟာ ငါ့မိဖုရားတွေအတွက် ဟဲ့၊ မင်းဘဏ္ဍာခိုးယူဝှက်ချင်တဲ့ သဘက်သား ကားစင်တင်၍ စီရင်စေ-ငါ့အမိန့်တော်´´
ဤနည်းဖြင့် နောက်တစ်နေ့ညနေ တောင်စွယ်နေကွယ်သောအခါ သူဆင်းရဲကို ကားစင်တင်၍ အရှင်လတ်လတ် သံရိုက်ထားလေ၏။ လက်ဖ၀ါး ခြေဖ၀ါးတို့တွင် တံကျင် တံစို့ တို့၏ဒဏ်ကြောင့် သွေးအစက်စက်ကျလေ၏။ ကျီးရဲ ငှက်ရဲ တွေကလည်း ထိုလူ၏ဦးခေါင်းထက်သို့လာ၍ နားကြပြီးလျှင် နား၊ မျက်စိတို့ကို ထိုးဆိတ်ကြကုန်လေ၏။ ထိုသူဆင်းရဲကိုမြင်သောအခါ အာဏာသားတို့က သနားဂရုဏာဖြင့် အောက်ပါအတိုင်း ပြောကြလေကုန်၏။
``ဟဲ့ ဆင်းရဲသား၊ မင်းမြင်ရတာ ဒုက္ခပါဘဲကွာ´´
ထိုအခါ ဆင်းရဲသားက ကားတိုင်ထက်က သေါးအစက်စက်ကျရင်း….
``အဲဒါတွေက ဒုက္ခမဟုတ်သေးပါဘူးဗျာ၊ တန်ဆောင်မုန်းလပွဲတော်မှာ ကျုပ်မိန်းမနဲ့ကျုပ် တစ်ယောက်ခါး တစ်ယောက်ဖက်ပြီး… လုံချည်နီကလေးနဲ့ မလည်ရတာမှ ဒုက္ခအစစ်ခင်ဗျာ့´´
ဤသောအခါ စကားစမိသော စစ်သားက…
``သေဟဲ့ နန္ဒိယ´´ ဟု သူ့နဖူးသူ ပုတ်မိလေတော့၏။
ကဲ… မောင်ရင်လေးတို့ အဲသလို တန်ဆောင်မုန်းလ ပယောဂကို ရှောင်နိုင်သမျှ ရှောင်ကြနော်။

စာရေးဆရာကြီး ဘဘဦးသုခ၏ သုခ၀တ္ထုတိုများ ထဲမှ ``တန်ဆောင်မုန်းလ ပယောဂ´´ ၀တ္ထုဖြစ်ပါသည်…..။

ဆက်လက်ဖတ်ရှု့ရန်...

Friday, July 20, 2007

သူတို့ပြောသော ဇူလိုင် ၁၉


မိုးလယ်ကာလ နံနက်ခင်းမို့ မိုးကောင်းကင်တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးဖွဲဖွဲကျနေသည့် ထိုနေ့ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်)။

နယ်ချဲ့အစိုးရ လက်အောက်မှ မြန်မာပြည် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေကြသည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ၉ ဦးသည် ထိုနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် ၀န်းကျင်တွင် မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။


ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ဆုံးရှုံးခဲ့ရသည့် နှစ် ၆၀ ပြည့်သောနေ့ပင်ဖြစ်သည်။


လွန်ခဲ့သည့်နှစ် ၆၀ ဇူလိုင် ၁၉ ရက်က မြန်မာပြည် နေရာဒေသမျိုးစုံတွင် ရောက်ရှိနေပြီး ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲ ပုဂ္ဂိုလ်များက ထိုနေ့က သူတို့၏ ကိုယ်တွေ့ကို ယခုလိုခံစား ပြောပြထားပါသည်။





အတွင်းဝန်ရုံး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ အထူးအစည်းအဝေး ချိန်မတိုင်မီ နာရီဝက်ခန့် စောပြီး ထိုနေ့က သတင်းရယူရေး အတွက် အတွင်းဝန်ရုံးသို့ ရောက်နှင့်နေသူ၊ ထိုစဉ်က အသက် ၂၂ နှစ်အရွယ်၊ မြန့်မာ့အလင်း သတင်းစာ၏ သတင်းထောက် မြန်မာ့အလင်းသန်းညွန့်-
``အတွင်းဝန်ရုံးက ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းရဲ့ တစ်ခန်းကျော်မှာ သတင်းထောက်များ အခန်းရှိပါတယ်။ ကျွန်တော်ကတော့ နေ့စဉ်တာဝန်နဲ့ အတွင်းဝန်ရုံးလာဖို့ရှိပေမယ့် အထူးအစည်းအဝေရှိတာနဲ့ ၁၀ နာရီလောက်ကရောက်နေတာ။ ၁၀ မိနစ်လောက်နေတော့ ဗိုလ်ချုပ်အောင်ဆန်း ၀င်လာတယ်။ ကျွန်တော်ကထပြီး ဦးညွတ်နှုတ်ဆက်လိုက်တယ်။ ထူးဆန်းတာက ဗိုလ်ချုပ်က ဒီနေ့ကျမှ မန္တလေးပိုးလုံချည် တိုက်ပုံနဲ့။ သူ့အခန်းထဲ သူဝင်သွားတယ်။ ခဏနေတော့ ပညာရေးဝန်ကြီး ဦးရာဇတ် ၀င်လာတယ်။ သူကတော့ ထုံးစံအတိုင်း ဥရောပ၀တ်စုံနဲ့ပေါ့။ ပြီးတော့ ဦးရာဇတ်ရဲ့ သက်တော်စောင့် ကိုထွေးဝင်လာတယ်။ ကိုထွေးက ကျွန်တော့ကို ဦးရာဇတ်ကိုယ်ရေး လက်ထောက်အခန်းထဲခေါ်သွားပြီး သူညကကြည့်တဲ့ ရုပ်ရှင်အကြောင်း ပြောနေကြတာ။ ခဏနေတော့ မိုးသံနဲ့အတူ ဝေါဝေါဆိုတဲ့အသံကို ခပ်ခပ်အုပ်အုပ် ကြားလိုက်ရတယ်။ ကိုထွေးက သွားပြီးကြည့်ဖို့ထလိုက်တယ်။ ကျွန်တော်ကလည်း သူ့နောက်ကထလိုက်တော့ သူနဲ့ကျွန်တော် ၆ ပေ ၇ ပေ လောက်ကွာမယ်။ အဲ့ဒီအချိန်မှာ စစ်အုပ်ထုပ်တွေကို မျက်နှာအုပ်ဆောင်းထားပြီး စစ်ယူနီဖောင်းဝတ်စုံနဲ့ မောင်းပြန်သေနတ်တွေ ကိုင်လာတဲ့ လူ ၃ ယောက်က ထွက်လာတာနဲ့ ကိုထွေးနဲ့တွေ့တော့ ဆင်ဝင် စင်္ကြန်ချိုးနားမှာ။ ကိုထွေးက ဘာပြောလိုက်လည်းတော့ ကျွန်တော် မကြားလိုက်ဘူး။ သူတို့က ချက်ချင်း ဒိုင်းဒိုင်းဒိုင်းဆို ပစ်လိုက်တယ်။ ကျွန်တော်လည်း ဆင်နားရွက်တံခါးလေး ကိုင်ပြီး ကြောင်ကြည့်နေတာပေါ့။ အဲ့ဒီထဲက တစ်ယောက်က မင်းနဲ့ဘာမှမဆိုင်ဘူး။ သွားသွားဆိုတာနဲ့ လှေကားကနေပြေးဆင်းတော့ လှေကားတစ်ဝက်လောက်မှာ မြန်မြန်ဆင်းလို့ သူတို့က ထပ်အော်ပြန်တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ၁၀ ပေ လောက်အမြင့်ကနေ တစ်ဝက်တစ်ပျက်ခုန်ချပြီး လှေကားအောက် ၀င်နေလိုက်တယ်။ အဲ့ဒီမှာပဲ စစ်ရောင်ဂျစ်ကားတစ်စီး ဆင်ဝင်အောက်ကို ထိုးစိုက်လာပြီး သူတို့ ၃ ယောက် ကားပေါ်တက်လိုက်သွားကြတယ်။ သူတို့ စစ်ဝတ်စုံလက်မောင်းမှာ အင်္ဂလိပ်စစ်တပ် ၁၂-နံပါတ် တပ်မတံဆိပ် တပ်ထားတာ တွေလိုက်ရတယ်။ ကိုထွေးကို သတိရပြီး ပြန်တက်ကြည့်ဖို့လုပ်တော့ ပြည်ထဲရေးဝန်ကြီး ဌာနကိုလာတဲ့ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်က ဘာဖြစ်လို့လဲမေးတော့ ကျွန်တော်လည်း ဘာမှမသိသေးဘူး။ ကိုထွေးကိုတော့ လူ ၃ ယောက် သေနတ်နဲ့ပစ်သွားတယ်လို့ သိသမျှပြောပြရင်း ပြေပြောဆိုဆို ကိုထွေးကို ၀ိုင်းပြုစုနေတဲ့ လူတွေနားကို ရောက်သွားကြည့်တယ်။ ပြီးတော့ အစည်းအဝေး အခန်းဘက်ကို ရောက်တယ်။ အဲ့ဒီမှာ ဗိုလ်ချုပ်ရဲ့ ရုံးခန်းမင်းစေ ကိုသောင်းစိန်က ပျာယာခပ်ပြီး ချောက်ချားနေပုံကို တွေ့ရတယ်။ လက်နက်ကိုင် လူ ၃ ယောက်ဝင်ပြီး ပစ်ခတ်သွားတဲ့ အကြောင်း သူပြောတဲ့အခါ အစည်းအဝေးအခန်းထဲ အပြေးအလွှညးဝင်ကြည့်တဲ့ အချိန်မှာတော့ ရဲမင်ကြီးရဲ့ `ဟာ´ ဆိုတဲ့အသံကြီးနဲ့အတူ ပုံစံမျိုးစုံနဲ့ သွေးသံရွှဲရွှဲလဲနေတဲ့ ခေါင်းဆောင်ကြီးတွေကို ချောက်ချောက်ချားချား တွေ့လိုက်ရတယ်။ ရဲမင်းကြီးကလည်း မှုခင်းဆိုတော့ ချက်ချင်းပဲ လုံးဝမထိမကိုင်ဖို့ သတိပေးပြီး ကျွန်တော်တို့ ပြန်ဆင်းလာကြတယ်။ အဲ့ဒါနဲ့ ဆူးလေဘုရားနားက မီးသတ်သူနာပြုကားကို ဖုန်းနဲ့ချက်ချင်းခေါ်လိုက်တယ်။ ခေါ်မရဘူးဖြစ်နေတာနဲ့ စိတ်မရှည်တော့လို့ စက်ဘီးလေးယူပြီး နင်းလာခဲ့တော့ လမ်းမှာတွေ့တဲ့ သတင်းထောက်အသင်းဥက္ကဋ္ဌ ဗမာ့ခေတ်သတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးကိုကိုလေးက လှမ်းခေါ်ပြီး ဒီကစ္စတွေအားလုံး တာဝန်ရှိတဲ့လူတွေ လုပ်နေကြပြီ။ စိတ်မပူပါနဲ့ တိုက်ပြန်ပြီးသတင်းရေးဖို့ အနားပြန်ယူပါလို့ ပြောတာနဲ့ မြန်မာ့အလင်းတိုက်ကို စက်ဘီးဆက်နင်းပြီး ပြန်လာခဲ့တာ၊ ခါတိုင်းမိနစ် ၂၀ လောက် နင်းရတဲ့ခရီးက အဲ့ဒီနေ့မှာတော့ ၁ နာရီလောက် နင်းယူခဲ့ရတယ်။ တိုက်ကိုရောက်တောလည်း ဘာမှမပြောနိုင်၊ ဘာမှမလုပ်နိုင်ဘူး။ ပါးစပ်ကပဲပြောပါ ရေးပေးပါမယ် ပြောတာတောင် ဘယ်လိုမှ ပြောမထွက်နိုင်ဘူး။ ထိုနေ့က နေ၀င်မီးငြိမ်း အမိန်လည်းထုတ်ထားတော့ နေမ၀င်ခင် သတင်းပြီးအောင်ရေးတင်ပြီး ပြန်လာခဲ့ရတယ်။ ရပ်ကွက်ထဲမှာလည်း ငိုသူငို၊ ငိုင်သူငိုင်၊ ဒေါသထွက်သူလည်း ထွက်နဲ့ပေါ့။ ´´

စာပေကိစ္စတွေ ဆွေးနွှေးဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ထိုနေ့နံနက်မှာ ချိန်းထားတဲ့အတွက် ထိုစဉ်က အသက် ၂၈ နှစ်အရွယ် ဆရာကြီးဒဂုန်တာရာ အတွင်းဝန်များရုံးကို နံနက် ၁၁ နာရီလောက်မှာ ရောက်လာခဲ့ပါတယ်။
``၁၈ ရက်က သံဈေးနားမှာ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးလက်ထောက်နဲ့ တွေ့တာနဲ့ နည်းနည်းလည်း နောက်ကျနေတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးဘက်ခြမ်း အတွင်းဝန်ရုံးရဲ့ အနောက်ဘက် စပတ်လမ်း (ဗိုလ်အောင်ကျော်) ကနေ ၀င်လာတော့ ခါတိုင်းနဲ့မတူဘူး တိတ်ဆိတ်နေတယ်။ ခါတိုင်း လူတွေရှုပ်နေတဲ့ နေတဲ့နေရာကပေါ့လေ။ ထူးခြားနေတာပေါ့။ အချိန်များမှားသလား ကိုယ်ဟာကိုယ် ဇဝေဇ၀ါနဲ့ပေါ့။ အဲ့ဒါနဲ့ ဥပဒေပြုလွှတ်တော် အဆောက်အဦးအောက်ထပ် ဆရာဇော်ဂျီ ရုံးခန်းထဲဝင်လိုက်တော့ အစောင့်က မျက်နှာမကောင်းဘူး။ အထဲကြည့်လိုက်တော့လည်း ဦးချန်ထွန်းက စားပွဲပေါ်မှာ မှောက်ပြီးတော့ ခေါင်းငိုက်စိုက်ကျနေတယ်။ သူ့ဘေးမှာ ဆရာဇော်ဂျီ ထိုင်နေတယ်။ အဲ့ဒါနဲ့ ဘာဖြစ်လို့လည်း မေးတော့မှ မင်းမသိဘူးလား၊ ခုလေးပဲ ခေါင်းဆောင်ကြီးတွေကို ဆေးရုံပို့လိုက်ပြီဆိုပြီး ကျွန်တော်နဲ့ ဆရာဇော်ဂျီ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော်လည်း ဘယ်မှလိုက်မနေပဲ ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးလည်း လူတွေကြည့်ရတာ ၀မ်းနည်းပက်လက်နဲ့ပေါ့ ကျွန်တော် တော်တော်လေး စိတ်ထိခိုက်သွားတယ်။ ´´

ဗမာ့တပ်မတော် ပျဉ်းမနားတပ်ရင်းက အသက် ၂၇ နှစ် အရွယ် Senior Captain ဗိုလ်ရဲထွဋ်က တာဝန်ထမ်းဆောင်နေရင်း တယ်လီဖုန်းသတင်းကနေ ခေါင်းဆောင်ကြီးတွေရဲ့ လုပ်ကြံခံရမှုသတင်းကြားရပြီး ချက်ချင်း ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင် တို့နဲ့အတူ ရန်ကုန်ကို ကားနဲ့ ဆင်းလာခဲ့ပါတယ်။
``ပျဉ်းမနားကနေ ရန်ကုန်ဆင်းလာတော့ ရန်ကုန်ကို မှောင်မှရောက်တယ်။ မင်္ဂလာဒုံမြို့ဝင်ဂိတ်မှာ လက်နက်တွေ သိမ်းလို့ ထားခဲ့ရတယ်။ အဲ့ဒါနဲ့ ရန်ကုန်ရောက်တော့ လူကြီးတွေနဲ့တွေ့ပြီး ကျွန်တော်တို့ ၃ ယောက် လူကြီးတွေ အမိန့်နာခံပြီး လိုက်နာဆောင်ရွက်ရပါတယ်။ အဲ့ဒီအချိန်မှာ အရမ်းစိတ်ဆိုးနေတယ်။ စိတ်လည်းအရမ်းမကောင်းဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတာ။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာတောင် သတိမထားမိဘူး။ ဒီရောက်ပြီး ဘာလုပ်ရမလဲဆိုတာသိဖို့ အရမ်းအရေးကြီးနေတော့ ညတွင်းချင်း လူကြီးတွေနဲ့ သွားတွေ့ကြရတာ။ အရမ်းခံစား ခဲ့ရတယ်။´´

လုပ်ကြံမှုသတင်း ၀ါးခယ်မမြို့ကိုရောက်ရှိ ပျံ့နှံ့ပြီး တစ်မြို့လုံး တိတ်ဆိတ်သွားချိန်မှာ အသက် ၂၉ နှစ်အရွယ် သခင်သိန်းမောင်က ၀ါးခယ်မမြို့ပေါ်က နေအိမ်မှာ မိသားစုနဲ့ အတူရှိနေပါတယ်။
``၂ နာရီလောက်ခြားပြီး အဲ့ဒီသတင်းဟာ ၀ါးခယ်မမြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။ လူတွေအားလုံး တော့်ကို ချောက်ချားသွားကြတယ်။ လွတ်လပ်ရေးရဖို့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီးတွေ မရှိကြတော့ဘူးဆိုတော့ အားလည်း ငယ်သွားကြတယ်။ တကယ့်ကို ထူးထူးခြားခြားကြီးပါပဲ။ ဈေးတွေလည်းပိတ်ကြ၊ ငိုတဲ့လူလည်း ငိုကြပေါ့။ မိုးကလည်း အုံ့ဆိုင်းဆိုင်နဲ့ တစ်မြို့လုံး တိတ်ဆိတ်သွားကြတယ်။´´


ထိုနေ့နံနက် ၁၁ နာရီလောက်အချိန်မှာ သိမ်ကြီးဈေးကို အ၀ယ်ထွက်လာရင်းနှင့် ဈေးရောက်မှ ဒီသတင်းကြားသိခဲ့ရတဲ့ သခင်မကြီး ဒေါ်လှကြည် (စာရေးဆရာမကြီး ဒေါ်ကြည်ဦး)က အဲ့ဒီအချိန်က အသက် ၂၂ နှစ်အရွယ် အထည်ပိုင်ရှင် တစ်ဦးပေါ့။
``သိမ်ကြီးဈေးနဲ့ ၃၃ လမ်းကြားမှာ ဖရေဇာလမ်းဖက်ကို မျက်နှာမူပြီးရောင်းတဲ့ ဆိုင်တွေပိတ်ထားကြတယ်။ ဟင်းသီးဟင်းရွက် သည်တွေလည်း ထုပ်ကြ ပိုးကြ ပြေကြ လွှားကြနဲ့။ ကိုယ်များစောနေတာလား ဈေးပိတ်တာလားပေါ့။ အဲ့ဒီလိုလည်း မဟုတ်ဘူး။ ဒီနေ့က ပုံမှန်လာနေကြပဲ။ လူတွေကြည့်ရတာ ကြောက်ရွံ့ တုန်လှုပ် ကြေကွဲနေတဲ့ မျက်နှာမျိုးတွေနဲ့ပါ။ အဲ့ဒါနဲ့ အထည်ဆိုင် ထဲဝင်သွားတော့လည်း ဆိုင်တွေက အပြိုင်အဆိုင် သိမ်းနေကြတော့ အထည်ရေင်းတဲ့ ကုလားလေးကို ဘာဖြစ်တုန်းမေးလိုက်တော့ အစ်မကြီးမသိဘူးလား။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့တဲ့။ အို… ဘုရား… ဘုရား… မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး အိမ်ကအမေ့ကို မေးဖို့ပြန်လာတော့ အမေကသေချာသလောက်ပါပဲလို့ ပြောလိုက်တဲ့အခါ ရင်ထဲမှာ တစ်ကယ်ပဲဆို့သွားတယ်။´´


ပျဉ်းမနားဘူတာအနီး တောင်ကုန်းပေါ်က ဗမာပြည်ကွန်မြူနစ်ပါတီ ပျဉ်းမနားရုံးမှာ ရောက်နေတဲ့ အသက် ၂၃ နှစ်အရွယ် သခင်တင်မြက ရန်ကုန်ကနေ ပျဉ်းမနားရုံးခွဲကို ဖုန်းဆက်အကြောင်းကြားသံ ကြားရတာနဲ့ ဒီသတင်းကို ဖြစ်ပွားချိန်နဲ့ ၁ နာရီ ခန့်လောက်မှာပဲ သိခွင့်ရခဲ့ပါတယ်။
``ရန်ကုန်ရထားကြီး ပျဉ်းမနားဘူတာကို ဆိုက်တော့ သွားကြည့်လိုက်ပါသေးတယ်။ ဘာသတင်းထူး ကြားရမလဲပေါ့။ အဲ့ဒီမှာ အမျိုးသမီးတွေက ပိုသိသာတယ်။ အော်ဟစ်ငိုသူက ငို၊ ခပ်ငိုင်ငိုင်ဖြစ်သူကဖြစ်။ အမျိုးသားတွေကြည့်ရတာလဲ တော်တော်ကို ထိန်းထားရတဲ့ပုံမျိုး၊ အဲ့ဒီတော့ ဘူတာကနေ ဈေးထဲကလူတွေ သိသွားကြတော့ ငိုယိုပြီး ဆိုင်တွေ သိမ်းကြတာပေါ့လေ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးသမားတွေဆိုတော့ ၀မ်းနည်းတာလည်း တစ်ကြောင်းပေါ့လေ။ တစ်ဖက်ကလည်း သူတို့လုပ်ကိုင် ပုံဖော်သွားခဲ့တာတွေကို ဆက်ပြီး ဘာတွေလုပ်ကြမလဲဆိုတာ အဲ့ဒီနေ့က ပြောဖြစ်ကြတယ်။´´


မြန်မာပြည်တစ်ပြည်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သည်းအူပြတ်မျှ ယူကြုံးမရဖြစ်ခဲ့ရသော ထိုနေ့မှာ အာဇာနည်နေ့ (၁၉ ဇူလိုင်) ပင်ဖြစ်ပါသည်။

7Day News ဂျာနယ် အတွဲ (၆) အမှတ် (၁၈) ကြာသာပတေး၊ ဇူလိုင်၁၉၊ ၂၀၀၇ မှကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှု့ရန်...

Thursday, July 19, 2007

သဘာဝ

ကိုဘိုးကျော်သည် ၀မ်းကကျွတ်လျှင် ကျွတ်ချင်း လောကကို နှုတ်ဆက်လိုက်သော ကလေးအသံကြောင့် ခေါင်းကြီးသွားမိသည်။ သူသည်တစ်နာရီကျော်ကျော် လာလတ္တံ့သော စိုးရိမ်သောကမှုတွေကို ကြိုတင်ခံစားမိပြီးဖြစ်၍ စိတ်လက်အတော်လေးလံနေမိသည်။ သူ့ကိုယ်ကိုမှီထားသောဝါး လုံးတိုင်သည် သူလန့်၍ထလိုက်မိသောကြောင့် ကျွိခနဲ အသံဖြစ်သွားသေးသည်။ ရင်ကြားမစေ့သောအခင်း ၀ါးကြမ်းအောက်မှ ပင့်တိုက်လိုက်သောလေသည် သူ့တင်ပါးကို အေးခနဲ ဖြစ်သွးစေသည်။
“ဟင်း”
သူ့မိန်းမ မရွှေမ၏ သက်ပြင်းခလိုက်သံမှာ နှီချောဖျာအစုတ်ကလေးတစ်ချပ်သာခြားနေသည့် အတွင်းကဖြစ်သောကြေင့် သဲသဲကွဲကွဲကြီး ကြားနိုင်လေသည်။ သူသည်ထိုအသံနှင့်တစ်ဆက်တည်း လိုချင်ရမ္မက်မရှိသော သူ့မိန်းမ၏မျက်နှာကို ကွက်ခနဲပြေးမြင်လိုက်သည်။
ရေနံတိုင်မီးခွက်ကလေးမှ မှိုင်းတလူလူမီတောက်ကလေးသည် မှောင်မိုက်နေသောညဥ့် ကန့်လန့်ကာရှေ့တွင် မည်းနက်နေသောဆံပင်ရှည်ကို ဖြန့်က နေသကဲ့သို့ လုပ်လဲ့လုပ်လီ ဘယ်ယိမ်းညာနွဲ့ တကယ့် ယိုးဒယားအက ကနေလေသည်။


“၀ူးဝူး”
သူ့တဲကလေးအပြင်ဖက်တွင် ၀ပ်နေသော ခွေးဝင်စားတစ်ကောင်က ၀မ်းပန်းတသာ မြူးသံလည်းမဟုတ်၊ စိတ်လိုက်မာန်ပါ ဒေါသသံလည်းမပေါ်လွင်သော ၀မ်းနည်းတမ်းတသည့် ညည်းညူသံမျိုးကဲ့သို့ ရှည်လျှားလေးတွဲစွာ အူလိုက်လေသည်။ ထိုအချိန်ကလေးနှင့်အမျှ ကိုဘိုးကျော်၏ သွက်သွက်သက်ပြင်းချသံကြီးမှာလည်း လေးတွဲ့စွာထွက်သွားပြန်လေတော့၏။
“အင်း...မွေးပြန်ပကွ တစ်ယောက်”
ထိုစကားကိုတော့ သက်ပြင်းနှင့်အတူ လူကြားအောင်ထုတ်ဖော်ခြင်းမပြု၊ သို့သော် နှုတ်ကမမွက်သည့်တိုင်အောင် ၀မ်းထဲမှတော့ အတော်ပြင်းပြင်းထန်ထန် မှတ်မိလိုက်သည်။ ကိုဘိုးကျော်သည် သတင်းစာတိုင်းတွင်ပါတတ်သော သားသမီးရတနာ ဖွားမြင်ခြင်း၊ ဗမာ့သားကောင်းရတနာလေး တိုးလာခြင်း၊ မျိုးချစ်မယ်၊ မျိုးချစ်မောင်၊ စံပြမောင် စသည့် ဖွားရာ မွေးရာဌာနကို လိုက်၍ မိဘတွေက အမွှန်းတင်ကာ ငွေကုန်ခံ၍ ကြော်ငြာပုံမျိုးကိုပါ သွား၍သတိရလိုက်သည်။ သူတို့မှာတော့ သားရတနာ ဖွားမြင်ခြင်းကြောင့် ၀မ်း သာကောင်းသာလိမ့်မည်။ ကလေးရော မိခင်ပါကျန်းမာ ချမ်းသာစွာရှိကြောင်းဟူသော စာလုံးများမှာ သုတိဘြဘာမင်္ဂလာ စကားဖြစ်ပေလိမ့်မည်။ ကိုဘိုးကျော်မှတော့ ထိုသူများနှင့်လည်း တစ်ဘာသာတည်း တစ်မြေတည်း တစ်ရေတည်း နေခဲ့ပါလျက်နှင့် တစ်သဘောတည်း မဖြစ်နိုင်ပေ။ သူ့အဖို့ကတော့ အူဝဲအူဝဲဟု အော်ရင်းမွေးလာသည့် ကလေးအတွက် ရင်လေးမိသည်မှာအမှန်၊ သူ၏အာသာ ဆန္ဒ အတိအကျကတော့အူဝဲ ဟု အော်မလာပဲ အသက်မပါသည့်ကလေးကိုသာ တောင့်တနေခဲ့သည်။
အဘယ်ကြောင့်ဟုတွေဝေစွာ တွေးနေဖို့မလို၊ အူဝဲဟုအော်ကာ ဖွင့်လာသော ပါးစပ်ကလေးမှာ ကိုဘိုးကျော်၏ မလုံမလောက်သော မပြည့်ဝသော ပရိယေသန၀မ်းစာကလေးကို စားမည် ၀ါး မည်ဟု ကြိမ်းဝါးလိုက်ပုံနှင့် တစ်ထေရာတည်းပင်ဖြစ်လေသည်။
ဒါတွေမျှမက သူ့ကိုနို့တိုက်ရဦမယ်၊ သူ့ကိုနို့တိုက်နိုင်အောင် မိခင် မရွှေက ၀၀စားရဦမယ်၊ မိခင်မှ၀၀ မစားရလျှင် ကလေးနို့၀၀မစို့နိုင်၊ ၀၀ကြီးစားဖို့အရေးကြီးသည်။ ၀၀လုပ်မှဖြစ်မည်။ သူတို့၏သဘာဝသည် လင်ရောမယားပါ ယနေ့မွေးမည့်အထိ ၀၀ကြီး လုပ်လာခဲ့ရသူများသာဖြစ်သည်။
ယနေ့ညမှမိုးသောက်၍ အလင်းရောက်လျှင်ပင် ကိုဘိုးကျော်ကအလုပ်လုပ်ရဦးမည်။ မရွှေမကလည်း ခါတိုင်းနေ့လောက်မစီစေကာမူ စီသင့်သလောက်စီအောင် တတ်အားသမျှလုပ်ရဦမည်။
ကိုယ်ဝန်ရှိလာလျှင် အလေးအပင်မ မနှင့်၊ စိတ်အပင်အပန်းမခံနှင့်၊ စိတ်အညစ်မခံနှင့်၊ လေကောင်းလေသန့်ရှု၊ ကျန်မာရေကိုဂရုစိုက်၊ အညောင်းပြေအောင်လမ်းမှန်မှန်လျှောက် ဆိုသောစကားတွေကို မရွှေမအဖို့တော့ ယုံတမ်းစကားများသာဖြစ်ခဲ့သည်။ ကိုယ်ဝန်ကြီးနှင့် ခွက်တစ်ဆယ် ငါးဈေးတောင်းကိုလည်း ခေါင်းပေါ်ရွက် လည်ရောင်းတန်ရောင်းရသည်။ ကျွေးမြီးအတွက် သားရေး သမီးရေး အိမ်နီးနားချင်းအရေးတွေကြောင့် အော်ဟစ်ကာရန်တွေ့တန်တွေ့ရသည်။ မာန်မဲဒေါသထန်ရသည်။ မျက်ရည်နှင့် မျက်ခွက် တောင်းပန်တန်တောင်းပန်ရသည်။ လင်နှင့်မယား ခွန်းကြီးခွန်းငယ် စကားများတန်များရသည်။ လေကောင်းလေသန့် ရှုရမည်ဆိုပြန်တော့ ဆန်ဂိုထောင်၊ ဖွဲဂိုဒေါင်၊ အာလူး၊ ကြက်သွန်၊ ငါးပိ၊ ငံပြာရည်ဂိုဒေါင် စသည်တို့၌ အလုပ်လုပ်၍ အသက်ရှုရလျှက် အလုပ်သိမ်း၍ ညဘက်အိမ်ပြန်ရောက်တော့လည်း လူနေ၍သာအိမ်ဟုဆိုရသည်။ ကြမ်းခုနစ်ချောင်း၊ သက်ကယ်ခုနစ်ပျစ် ဖြစ်သည့်တဲအိမ်ကလေးသာ ဖြစ်သည်။ ထိုတဲမှာ ကွင်းထဲလယ်ထဲမှာရှိသည်မဟုတ်၊ တစ်တဲနှင့်တစ်တဲ ပြွတ်သိပ်ညှပ်ပူးနေသည့် ရပ်ကွက်ဖြစ်သောကြောင့် သူ့အိမ်နားမှာ ကိုယ်ဆောက်၊ အမှိုက်ပုံတွေ၊ ကျင်ကြီးကျင်ငယ် ဟင်းကျွင်းဟင်းကျန်တို့၏ ရနံ့ဖြင့်သာ သင်းထုံနေသည့် ပတ်ဝန်းကျင်သာဖြစ်သည်။ ထိုကြားထဲ တစ်ဦးအိမ်က
ညှော်နံ့ သင်းနံ့သည် တစ်ဦးအိမ်တွင်းသို့ စွတ်၍သာဝင်တော့သည်။
ထို့ကြောင့် ကျန်မာရေး ဆိုသောစကားမှာ ကြားမှ မကြားဖူးပေ။ သို့သော် ဆင်းရဲနိမ့်ကျသောအခြေအနေ၌ မရွှေမ နှင့် ကိုဘိုးကျော်မှာ သားသမီးမွေးလွန်းလှသည်။ ပထမတစ်ယောက်မှာ ၀မ်းသာမိကြသည်။ ထို့နောက် ဒုတိယဆိုပြန်တော့ သမီးကြီးသားငယ် စွယ်စုံဖြစ်လာသောကြောင့် အချစ်အမျိုးမျိုး ချစ်ကြည့်နိုင်ကြသည်။ ထို့ထက်တတိယ၊ စတုတ္ထ၊ ပဉ္စမတွေကျတော့ အပိုကရိကထတွေများလာ၍ စိတ်ညစ်ရသည်။ဝမ်း စာအလုအယက် ရှာကြရသည်။
မိဘဟူသောစကားနှင့်ကိုက်အောင် အိမ်နီးချင်းတို့၏အလယ်တွင် အဆိုးမဆိုနိုင်ကြရအောင် အတော်အသင့်ကလေးဖြစ်ဖြစ် ဂရုတစိုက် လုပ်ရသေသည်။
စားနိုင်သောက်နိုင်သူတွေမှာ သားသမီးကရိကထခံရတာ စကားထဲထည့်ပြောရသေးသလားဟု လွယ်လွယ်ကူကူကလေးပြောကြမည် ဖြစ်သော်လည်း ကလေးခြောက်ရောက်နှင့် မယ်ကာက၊ မောင်ကာက တို့၏ဘ၀မှာ အတော်ကသိကအောက်နိုင်လှသည်။ စားစရသောက်စရာမှာ လည်းချို့ချို့ငဲ့ငဲ့ ညှာတာထောက်ထားရသည်။ အိမ်ပြန်တော့လည်း ငါးသေတ္တာထဲမှာ ငါးကလေးတွေသိပ်ထည့်ရသလို အစီလိုက် အရီလိုက် တဲစုတ်ကလေးအတွင်း နေရာချထားရသည်။
ဒါတွေကိုမြင်၍ မရွှေမသည် နောက်ဆုံးကိုယ်ဝန်ရှိကတည်းက သူ့လင်ကိုဘိုးကျော်ကို ပြောထားမိသည်။
“တကတဲတော် ကလေးများကလည်း ရလွယ်လိုက်တာ၊ ဒီတစ်ခါမွေးရင်တော့ အဖတ်မတင်ပါစေနဲ့လို့ ဆုတောင်းမိတယ် ကိုဘိုးကျော်ရေ့”
“အေးကွာ ငါလည်းဆုတောင်းပါတယ်၊ အသေကလေးမွေးရင်အေးမယ်”
“သားကောင်းမွေးရတာထက် သားဆိုးမွေးရတာက လူကြီးဒုက္ခရောက်တတ်သတဲ့တော့”
“ဒါဖြင့်လည်း ၀မ်းကကျွတ်ကျွတ်ချင်း သေသွားရင်အကောင်းသား...”
မရွှေမသည် ကိုဘိုးကျော်စကားကို မည်သို့မှမကန့်ကွက်ပဲ ဆေးလိပ်ပြာတောင့်ကြီးကို ချွေ၍ စားနေရုံသာနေလိုက်သည်။
“တို့ဝမ်းထဲဝင်စားမယ့်အတူတူ ချမ်းသာတဲ့ဆီမှာ ၀င်စားရင်ကောင်းမှာကွာနော်..”
“ဒါကတော့ သူ့ကုသိုလ်နဲ့သူပေါ့ ကိုဘိုးကျော်ရယ်၊ ကာလကြီးကိုက လူမွဲတွေဦးရေ တိုးဖို့လားမှမသိတာ...”
“ဒါဖြင့် ဒီလိုလုပ်ရအောင်ကွာ၊ မင်းလည်းဘယ်လိုမှ သဘောမထားနဲ့၊ တကယ်လို့ အဖတ်တင်မယ်ဆိုရင် အမှိုက်ပုံထဲ သွားထည့်ထားလိုက်မယ်၊ မသေလို့ရှိလည်း စားနိုင်သောက်နိုင်တဲ့သူဆီ ရောက်ချင်ရောက်သွားမှာပဲ၊ သူ့ကုသိုလ်အတိုင်းပေါ့”
မရွှေမက ငြိမ်၍စဉ်းစားနေသည်။ တချို့သောတိုင်းပြည်၊ တချို့သောအရပ်မှာ ကိုယ့်ကလေးကို သတ်ပစ်ကြသည် ဆိုတာကိုကြားဖူးသော မရွှေမသည် သတ်ပစ်တာမဟုတ်သော ဤနည်းကို လက်ခံစဉ်းစားမိတော့သည်။ ချမ်းသာသူများအဖို့ သားသမီးရတနာဟု ဆိုကြသည်။ ငမွဲတွေ ငတ်မွတ်နေသူများအဖို့တော့ သားသမီး ရ တာ နာနေကြသည်။
“အေးတော်-ကျုပ်ဖြင့်ဘယ်လိုလုပ်ရမယ် မသိပါဘူး” ဟု ပြေားရင်း မျက်ရည်ကလေးစမ်းစမ်း ဖြစ်မိသည်။ ကိုဘိုးကျော်က သူ့မယားမျက်ရည်ကျတော့...
“ငါကလည်း ကလေးကိုမသနားလို့ မဟုတ်ပါဘူးကွာ၊ မင်းကိုပိုသနားလို့ ပြောမိတာပါ။ ကလေးကတစ်ဖက်၊ မင်းလုပ်ရကိုင်ရတာကတစ်ဖက် ဖြစ်နေမှာစိုးလို့” ဟုပြောရင်း သက်မချလိုက်သည်။ ကလေးအကြီးတွေကို ထိန်းခိုင်ပါတော့လားဟု အများကဆိုကြမည်မှာ သူတို့လည်းစဉ်းစားမိပါသည်။ သမီးအကြီးဆုံး ၀က်မက မအေနှင့်မခွဲပဲ ပဲရွေး ပဲပြာနိုင်မှ ရေနံဆီဖိုးကလေးရသည်။ သားဆယ်နှစ်သားလောက်က မြေပဲဆားလှော်၊ ရှောက်သီးဆေးပြားရောင်းရသည်။ ထို့နောက်ကလေးများလည်း နို့ဆီဘူးအခွံကောက်ခြင်း၊ အာလူးအပုတ်ရွေးခြင်း၊ စီးကရက်အတိုစုခြင်း စသည့်အလုပ်တွေ နေ့စဉ်နေ့တိုင်းရှိကြသည်။ အငယ်ဆုံး နှစ်ခါလည်ကလေးကပင်လျှင် အိမ်စောင့်ကျီးနှင် အလုပ်ပေးထားရသည်။ ထမင်းအိုးဟင်းအိုးမှာ မိုးမလင်းမီထချက်၍ အလုပ်သွားကာ အိမ်အပြန်တွင်မှ သမီးအလတ်ကလေး ဖောက်သည်ခံ ရောင်းသော ဘူးသီးကြော်နှင့် ပဲကြော်အကျွင်းအကျန်ကလေးများနှင့် ကြယ်မြင်လမြင် ထမင်းချက်စားကြရသည်။ ကိုဘိုးကျော် ဆိုလျှင်လည်း ကမ်းနားတစ်လျှောက်တွေ့ရာ အလုပ်ကိုဝင်လုပ်ရသည် မဟုတ်လော။
“ကဲတော်-ရှုပ်ပါတယ်၊ ဒီတစ်ခါမွေးရင်တော့ တော့သဘောအတိုင်းပဲ” နောက်ဆုံး အားမာန်တင်း၍ မရွှေမက ပြောလိုက်သည်။ ကိုဘိုးကျော် သည် သားသမီးခမဲလိုနေတတ်သော လူချမ်းသာတွေကိုတွေးမိသည်။ ထို့နောက် သားသမီးမလိုချင်သော လူချမ်းသာတွေကိုလည်း မျှော်ကြည့်မိသည်။ ဘာကြောင့်ဖြစ်ဖြစ်သားသမီးမလိုချင်လျှင် တဆယ်တန်၊ ဆယ့်ငါးကျပ်တန် ဆေးတွေရောင်းသည့် ကြော်ငြာစာများကိုဖတ်ဖူးသည်။ သူတို့မှာတော့ ငွေနှင့်သာူသမီးကိုရအောင်လည်းလုပ်နိုင်သည်။ မရအောင်လည်း တားဆီးနိုင်ကြသည်။ လူဆင်းရဲတွေမှာတော့ သဘာဝကိုငွေနှင့် တော်လှန်ရေးမလုပ်နိုင်ကြချေ။ သဘာဝကပြုပြင် နှိပ်စက်အကျိုးပေးသလို ခေါင်းငုံ့၍သာ ခံကြရမြဲဖြစ်သည်။ သဘာဝကပူလျှင် ထိုအပူအအေးကို ငုတ်တုတ်ခံကြရသည်။ သဘာဝကမှောင်မဲနေလျှင် မနည်းရေနံဆီဝယ်၍ တစ်တောင် တစ်ထွာလင်းအောင် ဆောင်ရွက်ရရှာသည်။
ကိုဘိုးကျော်သည် “အူဝဲ” ဟု အော်သံ ကြားပြီးနောက် အဘယ်မျှကြာသွားအောင် စဉ်းစားနေမိသည်မသိ။
“ကိုဘိုးကျော်...” ဟု အခန်းထဲမှခေါ်လိုက်သံကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ သူ့လိပ်ပြာပြန်ဝင်လာတော့သည်။ တဖြည်းဖြည်း တစ်လှမ်းခြင်း အခန်းထဲရောက်၍ မပြည့်စုံသော မီးနေသည်ထံပါး ၀င်ထိုင်လိုက်သည်။ အ၀တ်ဟောင်အစုတ်ကလေး မလုံ့တလုံနှင့် ထွေးထားသော ကလေးငယ်ကို မရဲတရဲလှမ်းကြည့်လိုက်သည်။ ကာယကံနှင့် ၀စီကံတော့ မမြောက်သေး။ သို့သော်-မနောကံကတော့ မရွှေမနှင့် တိုင်ပင်ထားသည့် ဥပေက္ခာမှုကို သတိရနေလေသည်။
“ကိုဘိုးကျော်....ဒီမှာကြည့်စမ်းပါဦး”
မရွှေမသည် ရေနံဆီမီးခွက်ကလေးနှင့် ကလေးကို ပြလိုက်သည်။ ကလေးငယ်မွေးစမှာ သူ့ပါးစပ်ထဲ လက်လေးထည့်၍ စုတ်နေပြီးလျှင် မီရောင်ကို မမြင့်တမြင်နှင့် လိုက်ကြည့်နေလေသည်။ သူ့အဖို့တော့ ဘာလုပ်လုပ်ခံရန် အဆင်သင့်၍နေပုံမျိုးဖြစ်သည်။
ကိုဘိုးကျော်သည် ကလေးကို ခပ်ကြာကြာကလေးစိုက်ကြည့်ပြီး မျက်ရည်တွေလည်လာပါသည်။
“ရွှေမရေ...”
“တော်...”
“မထူးပါဘူးကွာ-မွေးစာရင်းသာ ငါသွားတိုင်တော့မယ်”
“ကျုပ်ကလည်း ဒါပဲခေါ်ပြောမလို့”




သုခ” ၀တ္ထုတိုများ စာအုပ်ထဲမှ သဘာဝ ဆိုသော ၀တ္ထုတစ်ပုဒ်ဖြစ်ပါသည်။ မိဘမေတ္တာကို ရှုထောင့်တစ်ခုမှဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။ စာရေးဆရာကြီး ဘဘဦးသုခ ရေးတာပါ။
ကျွန်တော်ကြိုက်လွန်းလို့ လက်ကွက်နှေးနှေးလေးနဲ့ ကြိုးစားရိုက်ပြီး တင်လိုက်တာပါ။ သူငယ်ချင်းတို့လည်း ကြိုက်မယ်ထင်ပါတယ်။

မှတ်ချက်။ ။ကိုကျော်ဇေယျ ရဲ့Blog မှ Win To Zawgyi Convert ကိုအသုံးပြုထားပါသည်။ ကိုကျော်ဇေယျရေ ကျေးဇူးပဲဗျို့။


ဆက်လက်ဖတ်ရှု့ရန်...